အတက်ရောဂါရှိသူတွေ ဘယ်လိုကျန်းမာအောင် နေထိုင်မလဲ
အတက်ရောဂါဆိုတာက ဦးနှောက်နဲ့ အာရုံကြောရောဂါဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ အတက်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်း မရှိပါဘူး။ အတက်ရောဂါကို သက်သာစေဖို့ အတက်ရောဂါသက်သာစေတဲ့ ဆေးတွေ သောက်တာအပြင် အခြား နည်းလမ်း မရှိပါဘူးလို့ပဲ အများက သိထားကြတာပါ။ ဒါပေမယ့် ဝမ်းသာစရာ တစ်ခုက ဘဝနေထိုင်မှုပုံစံ ပြောင်းလဲလိုက်တာက အတက်ရောဂါရှိသူတွေကို ပုံမှန်အတိုင်း နေထိုင်နိုင်စေဖို့ ထောက်ကူပေးနိုင်မယ် ဆိုတာပါ။
အချို့သော အတက်ရောဂါတွေက ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ပေမယ့် အတက်ရောဂါ သောက်ဆေးတွေက အတက်ရောဂါခံစားနေရသူ ၇၀ ရာခိုင်နှုန်းသောသူတွေက အတက်ရောဂါကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။
အခုတစ်ခေါက်တော့ အတက်ရောဂါ သက်သာစေဖို့ လိုက်နာသင့်တဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေလည်းဆိုတာကိုတော့ စာလေးကို ဆုံးအောင် ဖတ်ကြည့်ပြီး ကိုယ်တိုင်လေ့လာလိုက်ပါတော့နော်။
အတက်ရောဂါ ရှိသူတွေအတွက် ကျန်းမာစွာ နေထိုင်နည်း
အတက်ရောဂါ ရှိသူတွေအတွက် ကျန်းမာစေဖို့ လိုက်နာရမယ့် နေထိုင်နည်းတွေကတော့
အိပ်ရေးဝဝ အိပ်ပါ - အိပ်ရေးဝဝအိပ်တာက အတက်ရောဂါကို သက်သာစေမယ့် နည်းလမ်း တစ်ခုပါ။ အတက်ရောဂါ ရှိသူတွေအနေနဲ့ ညဘက်တိုင်းမှာ အိပ်ရေးဝဝ အိပ်ရဖို့ လိုပါမယ်။ အိပ်ချိန်ပုံမှန်ထားရှိဖို့ လိုပါတယ်။ ညတိုင်းကို အချိန်မှန်မှန် အိပ်ရာဝင်ဖို့ လိုပါမယ်။ အိပ်ရေးဝမှ နောက်ရက်တွေမှ တက်တာမျိုး မဖြစ်စေမှာပါ။
အရက် မသောက်ပါနဲ့ - အရက်သောက်တာ မူးယစ်ဆေးဝါးတွေ သုံးစွဲတာက အတက်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အတက်ရောဂါ ရှိတယ်ဆိုရင် အရက်မသောက်ပါနဲ့။ လုံးဝရှောင်ရတာတော့ မဟုတ်ပါဘူး။ အနည်းငယ်လောက်တော့ သောက်လို့ ရပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ - ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်သလို အတက်ရောဂါ သက်သာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ အများကြီး မဟုတ်ရင်တောင် တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် ကိုယ်လက်လေ့ကျင့်ခန်းလေး ပုံမှန် လုပ်ပေးပါ။
အစားအသောက် ဂရုစိုက်ပါ - အစားအသောက်တွေက အတက်ရောဂါအပေါ်မှာ တိုက်ရိုက် သက်ရောက်မှု မရှိဘူးဆိုပေမယ့် အမျှင်ဓာတ် များတဲ့ အစားအစာတွေ နဲ့ အချို့သော အာဟာရတွေက အတက်ရောဂါ သောက်ဆေးကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းတွေကို ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ များများ စားပေးပါ။ ရေများများ သောက်ပါ။ သကြားစားတာကို တတ်နိုင်သမျှ လျှော့သောက်ပါ။ ဆားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။
စိတ်ဖိစီးမှုကို လျှော့ချပါ - စိတ်ဖိစီးမှု များတာက အတက်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အလေ့အထတွေဖြစ်တဲ့ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာလိုမျိုး အလေ့အထလေးတွေကို လုပ်ဆောင်ပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေမှာ ဖြစ်သလို အတက်ရောဂါကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။
တစ်ယောက်တည်းနေတာကို ရှောင်ပါ - အတက်ရောဂါ ရှိသူတွေအနေနဲ့ တစ်ယောက်တည်းနေတာက အတော်လေး စိုးရိမ်စရာ ကောင်းပါတယ်။ အရေးပေါ် အခြေအနေမှာ အထောက်အကူ ရရှိနိုင်စေဖို့ အနည်းဆုံး ကိုယ့်ကျန်းမာရေး အခြေအနေကို သိနားလည်သူ တစ်ဦးဦးကို အနားမှာ ရှိအောင် နေပါ။
အခုလို အခြေအနေမှာဆိုရင်တော့ အတက်ရောဂါ ရှိသူတွေအနေနဲ့ ဆရာဝန်ကို ပြသဖို့ လိုပါမယ်။
- ပထမဆုံး တက်တာဖြစ်မယ်
- တက်တဲ့အချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါနေမယ်
- တက်တာက ၅ မိနစ်ထက် ပိုကြာနေမယ်
- တစ်ခေါက်တက်ပြီး သိပ်မကြာခင်မှာ နောက်တစ်ခေါက် ထပ်တက်တာမျိုး ဖြစ်မယ်
- အတက်ရောဂါ ခံစားရနေချိန်မှာ ထိခိုက်မိတာမျိုး ဖြစ်မယ်
- ဆီးချိုရောဂါ၊ နှလုံးရောဂါ အခံရှိမယ်
- ကိုယ်ဝန်ဆောင်မိခင်ဖြစ်မယ်ဆိုရင်ပါ။
မွန်မွန်